MP3 Player

Saturday, July 17, 2010

စင်္ကာပူ မှ အလှူများ

ကန္နီဥပနိသျခံ မြေဇင်းတောရဆရာတော်ကြီး၏ တရားရှုမှတ်ပုံ အကျဉ်းချုပ်

မေလ ၂ ရက် ၃ ရက် နေ့ ညတွေမှာ အွန်လိုင်း စကိုက်တရားပွဲတွေ ပြောဖြစ် ဟောဖြစ်ခဲ့ပါတယ်၊ မော်စကိုက ဓမ္မညီအကိုများဖြစ်တဲ့ ကိုဝင်းမြင့် ကိုဖိုးသား ကိုနေဇင်လတ် ကိုအောင်ဆွေဦး ၊ ဂျပန်နိုင်ငံက ကိုဝိမုတ္တိသုခတို့ စီစဉ်ကြတာပါ၊ ဦးဇင်းရဲ့ ကိုယ်တွေ့သမထ ၀ိပဿနာကို နာယူချင်တယ်လို့ဆိုပါတယ်၊ ဒီလိုနဲ့ ၂ ညတာ ပြောကြ ဟောကြ မေးကြနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ဘ၀အတွက် အကောင်းဆုံးဖြစ်အောင် ရယူနိုင်ခဲ့ကြပါတယ်။ တရားပွဲမှာ ပါဝင်တဲ့ ထိုင်း မော်စကို ဂျပန် နော်ဝေ စင်္ကာပူ အီတလီ ကနေဒါ စတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီး မှ ဓမ္မမိတ်ဆွေများ တရားနာယူ သူများက တရားရှုမှတ်နည်းလေးတွေ ရေးပေးပါ ပြောပြပါဆိုလို့ ဦးဇင်းတို့ လျှောက်လှမ်းခဲ့တဲ့ လမ်းအတိုင်း ရေးလိုက်ပါတယ်၊

သမထပိုင်း ရှုမှတ်ပုံများ

သမထ မပွားများခင် ဗုဒ္ဓါနုဿတိ၊ မေတ္တာ ဘာဝနာ၊ မရဏဿတိ၊ အသုဘ ဘာဝနာ ကို ပွားများရ ပါတယ်. ဒီလေးမျိုးကို စတုရာ ရက္ခတရား (အစောင့် အရှောက် တရားလေးပါး လို့ ခေါ်ဆိုပါတယ်. တရား အားထုတ်တဲ့ ယောဂီများ သဒ္ဓါ တရားတွေ တိုးပွားပြီး အေးချမ်းစွာ တရား ရှုမှတ်နိုင်ဖို့ အတွက် ဒီလေးမျိုးကို ပွားများ ကြရပါတယ်)


ဗုဒ္ဓါနုဿတိပွားများပုံ

အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော် အရောက် အာရုံပြုပြီး ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ၊ ဒီလိုနည်းနဲ့ အချိန် ရသလောက် ပွားများပေးပါ၊ ဘုရားရှင် ပေါ်မှာ ကြည်ညိုတဲ့ စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေ ပါပဲ။

မေတ္တာဘာဝနာပွားများပုံ

အားလုံးသော သတ္တ၀ါတွေ ၀င်လေ တစ်ချက်… ချမ်းသာကြပါစေ ထွက်လေ တစ်ချက်. ဒီပုံစံနဲ့ မေတ္တာ ဘာဝနာ ပွားများ နိုင်ပါတယ်... ကိုယ် ပွားများ ချင်တဲ့ ပုံစံနဲ့ ပွားများ နိုင်ပါတယ် ၀င်လေ ထွက်လေ ကပ်ပြီး ပွားများ တာက သမာဓိ ပိုရ လွယ်ပါတယ်..

မရဏဿတိ (သေခြင်းတရား ဆင်ခြင်ပုံ)

တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကားလို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်.

အသုဘ ဘာဝနာ (စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)

ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား… လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရ ပါမယ်၊ ပထမဆုံး ပုခုံးအထက် ဦးခေါင်း ပိုင်းကို အရင် ကြည့်ရပါမယ်. မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကားလို့.. စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊

ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ် စရာကြီး ပါတကားလို့ စိတ်က ဆင်ခြင် ပွားများပြီး အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။

တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက် အထိ စိုက်ကြည့် ပွားများပါ၊ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရား အလုပ်မှာ နှောင့်နှေး တတ်ပါတယ်။ နာမည်ကြီး ခေမာ ထေရီကို ကြည့်ပြီး သိနိုင်ပါတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာဝနာကို ပွားများ ကြရပါတယ်။

ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစား အားထုတ် ပွားများသင့် ပါတယ်၊ ရက်တွေ အများကြီး အချိန် မပေးနိုင် ရင်တောင် တရားမရှုမှတ်မိ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာ ဘာဝနာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်၊ မေတ္တာ စွမ်းအားဟာ တကယ့်ကို ကြီးမားလှ ပါတယ်.

သမထပိုင်းပွားများပုံ

သမထ ပိုင်းကိုတော့ ဂဏနာနည်း (ရေတွက် တဲ့နည်း) နဲ့ စတင် ရှုမှတ်ပါတယ်၊ သမာဓိရ လွယ်သလို အချိန်တွေ ဘယ်လောက် ကြာကြာ ထိုင်မှတ် နိုင်တာကို တွေ့ရပါတယ်၊

* ၀င်လေ ၁
* ၀င်လေ ၂
* ၀င်လေ ၃
* ၀င်လေ ၎
* ၀င်လေ ၅
* ၀င်လေ ၆
* ၀င်လေ ၇
* ၀င်လေ ၈ ဆိုပြီး နှာသီးဖျားကို ထိပြီး ၀င်သွားတဲ့ လေကို သတိကပ်ပြီး ရှုမှတ်ပါ။ ဒီ ၀င်လေ ၈-ချက် ရရင် လက်တစ်ချောင်း ချိုးပါ။


နောက်ထပ် ၀င်လေ ၈-ချက် ရရင် ဒုတိယ တစ်ချောင်း
နောက်ထပ် ၀င်လေ ၈-ချက် ရရင် တတိယ..
စတုထ္တ ပဉ္စမ ဆဋ္ဌ သတ္တမ အဋ္ဌမ န၀မ ဒသမ.. လက်ဆယ်ချောင်း ပြည့်သွားရင် တစ်ပုံ ရတယ်လို့ သတ်မှတ်ပါတယ်၊
(၀င်လေ ၈ x လက်ဆယ်ချောင်း = ၀င်လေ ၈၀= တစ်ပုံ)

အဲဒီ တစ်ပုံရပြီဆိုရင်….

* ၁ ဘယ် လက်ကောက်ဝတ် မှာ စိတ်က မှတ်ပြီး ပုံထား လိုက်ပါ. နောက်ထပ် တစ်ပုံရရင်
* ၂ ဘယ် တံတောင်ဆစ် မှာ စိတ်က မှတ်ပြီး ပုံထားလိုက်… နောက်ထပ်
* ၃ ဘယ် ပုခုံး
* ၄ ဘယ် နားရွက်
* ၅ ဘယ် ဦးထိပ်စွန်း
* ၆ ညာ ဦးထိပ်စွန်း
* ၇ ညာ နားရွက်
* ၈ ညာ ပုခုံး
* ၉ ညာ တံတောင်
* ၁၀ ညာ လက်ကောက် ၀တ်မှာ

ပုံလိုက်ပါ. ဒါဆိုရင် ခန္ဓာကိုယ် တစ်ပတ် ရပါပြီ… အစပိုင်းမှာ လုပ်ရတာ ခက်သလို ရှိပါတယ် နောက်ပိုင်း အသား ကျသွားရင် လက်တွေက သူဟာသူ ချိုးနေပါမယ်. တကယ့်ကို သမာဓိရ လွယ်တဲ့ နည်းပါပဲ။။ ဒီလို ခန္ဓာကိုယ် တစ်ပတ် ရတာကို တစ်ဝါ ရလို့ ခေါ်ပါတယ်။ ၀ါရ-ဆိုတာ ရေတွက် ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သမထ ပထမပိုင်း မှာတော့ သတိမြဲအောင် ဦးစားပေး ရှုမှတ်ရပါမယ်၊

ကန္နီနည်း သို့မဟုတ် မြေဇင်းတောရ နည်းမှာတော့ ဒီလို သမာဓိ ရအောင် အားထုတ်ချိန် ၁၀ ရက် သို့ ၁၅ ရက် ကျော်လာရင် အလင်း နိမိတ်တွေ ရရှိပါတယ်။ အဲဒီအလင်း နိမိတ်တွေကို အနီး အဝေးတွေ အတို အရှည်တွေ ပြုလုပ် စေစားပြီး ဘုရားတွေ ဖူးခိုင်းပါတယ်၊ လူ့ပြည်မှာ ရှိတဲ့ ဘုရား၊ နတ်ပြည် ဗြဟ္မာ့ ပြည်မှာ ရှိတဲ့ဘုရား တွေကို ဖူးခိုင်းပါတယ်။ ကြည်ညို သဒ္ဓါ တရားတွေ အရမ်းကို တက်လာပါတယ်၊

နောက်ထပ် တစ်ဆင့် တက်ပြီး အလင်း နိမိတ်နဲ့ ခန္ဓာကိုယ်ကို လှီးရ ဖြတ်ရပါတယ်။ ဘယ်ဖက် ပါးကနေ ညာဖက်ပါး ဖောက်စေ ဆိုပြီး အလင်း နိမိတ်ကို စေလွှတ်ရင် ပြောတဲ့ အတိုင်း သွားပါတယ်။ ဘယ်ကနေ ဘယ်ကို ထွက်စေ..လို့ စိတ်က စေစားရင် ကိုယ်ပြောသမျှ အကုန် ဖြစ်နေပါတယ် ပြီးရင် အဲဒီ အလင်းတန်း ကြီးကို ခေါင်းပေါ်မှာ ဆန်ကော ၀ိုင်းလောက် ထားပြီး ခေါင်းကနေ ပြတ်စေ ဆိုပြီး တစစီ ခန္ဓာကိုယ်ကို လှီးဖြတ် ပါတယ် နောက်ဆုံးတော့ ခန္ဓာကိုယ် တခုလုံး အလင်းတန်းကြီး အလင်းတုံးကြီး ဖြစ်ကုန်ပါတယ်။ သိပ်ဆန်း ကျယ်တဲ့ ဓမ္မပါ။

နောက်တစ်ဆင့် ကတော့ ၀င်လေ ထွက်လေကို ညှင်းညှင်းလေ ရှူသွင်း ရပါမယ်. ဒီလို ရှူသွင်းတာ များလာရင် ၀င်လေဟာ ၀င်မှန်း မသိတော့ သလိုဖြစ်ပြီး တကယ့်ကို ငြိမ်းအေး မှုကို ခံစားရ ပါတယ်။ တချို့ဆိုရင် ခန္ဓာကိုယ် ကြီးက ရှေ့ယိုင်တာ နောက်ယိုင် တာတွေ ခန္ဓာကိုယ် ကြီးက ကြမ်းပြင်နဲ့ လွတ်နေ တာတွေ ဖြစ်တတ်ပါတယ်. တတ်နိင် သလောက် ယိမ်းယိုင်ခြင်း မရှိအောင် ထိန်းထားရ ပါမယ်။

တချို့ ဆရာတော်ကြီး များက ၀ိပဿနာကို အသားပေးပြီး ဒီလို အလင်းတန်း တွေကို ဖျောက်ပစ်ဖို့ မိန့်တော်မူ ကြတာပါ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် သမထ လောကီ အရာမှာ ဒီအလင်းတန်း တွေဟာ လိုတရ စေတလုံးပါ လက်တွေ့ စမ်းကြည့် ပြီးရင် သိသာပါမယ်။ ဒါကြောင့် ဒီအလင်း နိမိတ်တွေကို အသုံးချ တာပါ။ အထူးသဖြင့် ဘုရားဖူးခြင်း ကိစ္စတွေကို ဆောင်ရွက် ကြတာပါ၊ (အလင်း နိမိတ်နဲ့ ပတ်သက်ပြီး ခိုင်ခန့်တဲ့ ကျမ်းဂန် အထောက် အထားတွေ ရှိပါတယ်။)

ဝိပဿနာပိုင်း ရှုမှတ်ပုံများ

မနေ့က သမထပိုင်း ရှုမှတ်ပုံ အဆင့်ဆင့်ကို ပြောပြီးသွားပါပြီ ၊ သတိရအောင် ပြန်ပြော ရရင် သမထကို အပိုင်းလေးပိုင်းနဲ့သွားခဲ့ပါတယ်၊ သတိမြဲရာ ပထမာ ဆိုတဲ့ အတိုင်း ပထမဆုံး နှာသီးဖျားလေးမှာ မိမိရဲ့ သတိကို မြဲနေအောင် ကြိုးစား ရှုမှတ်ရပါတယ်၊ ဒီလို ရှု့မှတ်ရင်း ၇ ရက် ၈ ရက် သို့မဟုတ် ၁၀ ရက်လောက် အားထုတ်ပြီးသွားလို့ သတိတွေမြဲနေပြီဆိုရင်( သတိမြဲဆိုတာ ဆိုတာ --၀င်လေ ၀င်တိုင်း, ထွက်လေ ထွက်တိုင်း နှာသီးဖျားကို ထိထိပြီး ၀င် ထွက်တာကို တရစပ်သိနေတာကို ပြောတာပါ ) သမထ ဒုတိယအဆင့်ကို အားထုတ်ရပါတယ်။

ဒုမှာ တို ရှည် သိ ဆိုတဲ့အတိုင်း ကိုယ်ထိုင်နေတဲ့ ရှေ့တည့်တည့်ု၂ တောင် ၃ တောင်အကွာဝေးတဲ့ နံရံမှာ အမှတ်အသားလေး တခု ပြုပြီး ထွက်လေကို အဲဒီအမှတ်အသားလေး အရောက် တွန်းပို့ရပါတယ် ပြီးရင် အဲဒီလေကို ၀င်လေနဲ့ ပြန်သိမ်းပါ ဒီလိုနည်းနဲ့ ၃ တောင်ကနေ အတောင် ၅၀ အတောင် ၅၀ ကနေ အတောင် ၁၀၀ စသည် ပို့လိုက် ယူလိုက်ပြုလုပ်ရပါတယ်။ ဒီနေရာမှာ တချက်သတိထားခဲ့စေချင်တာက လေကို ပို့ ယူ လုပ်တဲ့အခါ နှာခေါင်းက အောက်ကို စိုက်နေတော့ အစပိုင်းမှာ ခက်ပါတယ်။

ဒါပေမယ့် စိတ်အလုပ်ဖြစ်တဲ့အတွက် ရောက်စေ ဆိုရင်ေ၇ာက်သွားပါတယ်။ ပြန်လာလို့ စိတ်ကညွတ်လိုက်ရင် ပြန်လာပါတယ် ဒါကတော့ မြေဇင်းဆရာတော်တို့နည်းပါ၊ မူရင်း ပါဠိတော်မှာတော့……ငါရဲ့ထွက်လေကို ရှည်ရှည် ရှူမည်ဆိုပြီး ရှည်ရှည်နှာသီးဖျားကနေ လွှတ်လိုက်ရမှာပါ ။ ပြီးတော့ ငါ့ရဲ့ ၀င်လေကို ရှည်ရှည် ရှိုက်သွင်းမယ် ဆိုပြီး ရှည်ရှည် ပြန်ရှိုက်လိုက်ရမှာပါ၊ တိုတိုသွင်းမည် တိုတို ပြန်ထုတ်မည်ပေါ့။

နောက်တဆင့်က - သုံးချက်သိမှာ တတိယာ ဆိုတဲ့အတိုင်း အလင်းနိမိတ်ကို နှာခေါင်းမှ ရင်ချိုင့်၊ ရင်ချိင့်မှ ချက် တဖြည်းဖြည်းချင်း ရှိုက်သွင်းလိုက်တဲ့ အခါ နှာသီးဖျားမှာ စပြီး ၀င်နေသည်ကိုလည်း သိ၊ ရင်ချိုင့်ရောက်သည်ကိုလည်း သိ၊ ချက်ရောက်သွားသည်ကိုလည်း သိ၊ သုံးဌာနလုံး၌ သိနေအောင် အားထုတ်ရမှာပါ၊ ပြီးတော့ ပါးဖောက် နားဖောက် ဖြတ်စား လှီးစား စေ ၁၀ ချက်စတာတွေနဲ့ အလင်းနိမိတ်ကို လိုသလိုစေခိုင်းနိုင်အောင် အားထုတ်ရပါတယ်

နောက်တဆင့် သမထက လေးမှာ ငြိမ်းစေဘိ ဆိုတဲ့အတိုင်း ၀င်လေ ထွက်လေကို ဖြေးဖြေးလေး ရှူသွင်းရ ထုတ်ရပါတယ်၊ မိမိတို့ ပုံမှန် ၀င်လေ ထွက်လေက ကြမ်းတမ်းပါတယ်။ ဒါကို မိမိက ငါ၏ ထွက်လေ၊ ၀င်လေတို့ကို ငြိမ်းစေအံ့၊ ငြိမ်းစေအံ့”ဟု ရှုမှတ်နေရုံပါ။ ပါရမီဥာဏ်ရင်သန်သူများကတော့ ရှေု့ပိုင်းသမထကျင့်စဉ်တွေမှာပဲ ၀င်လေ ထွက်လေ ငြိမ်းနေတာကို တွေ့ရတတ်ပါတယ်။

ဒီလိုအားထုတ်နေရင်း တခါတရံ ထွက်သက် ၀င်သက်တွေ ပျောက်သွားသလို ထင်တတ်ပါတယ်။ ဒီလိုသမထ အဆင့်လေးဆင့်ကို အားထုတ်ပြီးသွားပြီဆိုရင် အညစ်အကြေးမရှိတဲ့ မှန်သားပြင်ကြီးလို တိမ်တိုက်ကြားက ထွက်လာတဲ့ လပြည့်ဝန်းကြီးလို ထင်မှတ်နေရပြီး မိမိရဲ့ အလင်းနိမိတ်ဟာ အလွန်ကို ကြည်လင်တောက်ပ နေပါတယ်။ဒီလိုပဋိဘာဂနိမိတ်အဆင်အခိုက်အတန့်မှာ စိတ်ညစ်ညူးကြောင်း နီဝရဏတရားတွေ ကင်းနေပါတယ်။ .

သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ၀ိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့်ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ၀ိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။

ဝိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့ အတွက်ကြောင့်ပါ်။ ၀ိပဿနာ သက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။

ကန္နီနည်းမှာ သမထယာနိက လမ်းစဉ်ဖြစ်၍ နာမ်ကိုပင် ရှုမှတ်ပွားများရမည်ဟု မှတ်ရမည့်အနေအထား ရှိပါတယ်။ဒါပေမယ့် ကန္နီဆရာတော်ဘုရားကြီးက ယောဂိပါရဂူကျမ်းတွင် ရုပ်ကိုပဲ ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထယာနိကလမ်းစဉ် ဖြစ်ပေမယ့် သမထကို အဆုံးစွန် အပ္ပနာဈာန်ရသည်အထိ အားမထုတ်နိုင်ခဲ့ကြ။ ဥပစာရဈာန်အဆင့်မျှသာရှိ၍ ရုပ်ကိုပင် ရှုမှတ်နိုင်သည်ဟု ကျမ်းအကိုးအကားများပြ၍ မိန့်တော်မူထားပါတယ်။

ရှု့နည်း ၃ မျိုး

၁-သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂအလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း
၂- ခြေဖျား မှ ချက်
ချက်မှ လည်မျို လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း
၃- လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း ၃ မျိုးရှိပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။

၁- မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း
၂- မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်ခြေတောက်လက်စတဲ့နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကို မှတ်ခြင်း
၃- နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။

ကန္နီဆရာတော်ကြီး မြေဇင်းဆရာတော်ကြီးတို့ရဲ့နည်းကတော့ နှလုံးအိမ်ကို ရှုမှတ်တဲ့နည်းပါ။ အစပိုင်းမှာတော့ ခက်သလိုရှိပါတယ် နောက်ပိုင်းမှာ အလွန်လွယ်ကူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်တခုလုံးရဲ့ ဗဟိုချက်မဟာ နှလုံးအိမ်ဖြစ်နေလို့ပါ၊ နှလုံးအိမ်ကနေ ခန္ဓာကိုယ်တခုလုံး ဖြန့်ကြည့်လိုက်ရင် ရုပ်တရား နာမ်တရားတွေ တဖွဲဖွဲ တသဲသဲ ဖြစ်ပျက်နေတာကို တွေ့ရပါတယ်

ဥပမာငါးမျိုး

အထက်တွင် ပြဆိုခဲ့သည့်အတိုင်း မိမိ၏ နှလုံးအိမ်တွင် အာရုံကပ်၍ ရုပ်နာမ်တို့၏အဖြစ်အပျက်ကို ရှုမှတ်ပွားများနေသော ယောဂီပုဂ္ဂိုလ်အား တရိပ်ရိပ်ဖြစ်၍ တရိပ်ရိပ်ပျက်ပုံကိုလည်းကောင်း၊ အသစ်အသစ်ဖြစ်၍ အဟောင်းအဟောင်းတို့ ချုပ်ပျက်နေပုံကို မိမိ၏ ပကတိမျက်စိဖြင့် ကြည့်၍မြင်နေရသကဲ့သို့ မုချထင်ထင် သိမြင်ရလေတော့သည်။ ထိုသို့ ထင်မြင်လာသောယောဂီအား အောက်ပါဥပမာငါးမျိုးတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ၊ ရော၍ဖြစ်စေ ထင်မြင်လာတတ်ပါသည်။ ၎င်းတို့မှာ -

၁။ နေအရုဏ်တက်၍ နေထွက်သောအခါ ပြိန်းမြက်ပင်တို့၏ အဖျား၌ တသားတည်းခဲနေသော ဆီးနှင်းပေါက်တို့ တဖြောက်ဖြောက်ကြွေကျနေသည်ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၂။ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့၌ရှိသော ၀ဲကွေ့၌ ရေများတိုးဝှေ့ခြင်းကြောင့်ဖြစ်ပေါ်လာသော ရေမြှပ်၊ ရေပွက်တို့ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၃။ ကြည်လင်ငြိမ်သက်နေသောရေပြင်တွင် တုတ်၊ တောင်ဝှေးစသည်တို့ဖြင့် ရေးခြစ်၊ ရိုက်ပုတ်လိုက်သောအခါ အလွှာအလွှာလိုက် တရိပ်ရိပ်ဖြစ်ပေါ်လာသော ရေလှိုင်းတို့ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၎။ ပွတ်ဆောက်ဖျား၌ တင်ထားသော မုံ့ညှင်းစေ့၊ လေတွင်ဝဲပါနေသော လူးနှမ်းစေ့တို့၏ တရွေ့ရွေ့၊ တရိပ်ရိပ်၊ တဖိတ်ဖိတ်ကြွေကျသည်ကို မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း၊

၅။ ညိုပြာရီမှောင်နေသော တိမ်လိပ်တို့အတွင်း၌ တ၀င်းဝင်း၊ တဖျက်ဖျက် လက်လက်နေသော လျှပ်စစ်နွယ်တို့ကို တွေ့မြင်နေရသကဲ့သို့ ထင်မြင်လာခြင်း တို့ဖြစ်ပါသည်။

ဒီဥပမာ ငါးမျိုးကို အားထုတ်ဖူးတဲ့ ယောဂီများ သေသေချာချာ နားလည်နိုင်ပါတယ်။ ထူးဆန်းသည့် ဓမ္မ သံသရာကလွတ်မြောက်နိုင်သည့် ဓမ္မများကို စာသိမှ သည် ကျင့်သိ ကျင့်သိမှ သည် ထိုးထွင်းသိ အဆင့်ရောက်အောင် ကြိုးစားကြပါစို့လို့ အဖြူရောင် မေတ္တာများနဲ့ တိုက်တွန်းချင်ပါတယ်။

ကျမ်းကိုး။ ယောဂီပါရဂူကျမ်း

အရှင်တိက္ခဉာဏာလင်္ကာရ (ယော)
======================================================


မောင်းထောင်မြေဇင်းဆရာတော်ကြီး၏ သြ၀ါဒများ
ပုဂ္ဂိုလ် (၄) မျိုး

ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊ ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ပြီး လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း ဘုရားစစ် ဘုရားမှန်၊ တရားစစ်
တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ- ကြိုးစားကြ အချိန်မီသေးတယ်။
===================================================
ခွင့်သာတုန်း ရုန်းသွားကြ

ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့၊ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့
အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေလည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလိမ့်လား…..တဲ့။

ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။
====================================================
လက်မှတ်ရအောင်ယူထားကြ

ဘုန်းကြီးတို့ရော ယောဂီတို့ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာ
ဘုရား၊ ရဟန္တာမှတပါး ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း
ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်း
တွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံးချင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”
--------------------------------------------------------
အရွယ်သုံးပါး

ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။

မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။
---------------------------------------------------
မိုးရွာတုန်းရေခံထားကြ

ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”

သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။
---------------------------------------------------
ကိုယ့်ဘက်ကလိုတာ

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခ့ဖဲို့။
“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”

ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့၊ င့ညှဲာတော်မူလို့ထားခ့တဲာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။
-----------------------------------------------------
အအေးနဲ့အပူ

မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..

မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။

======================================================

No comments:

Post a Comment